အသင်းနှစ်သင်း ယှဉ်လာရင် လူအင်အား အရတော့ ချယ်လ်ဆီးက သာလွန်တယ်လို့ ယေဘုယျ ကောက်ချက် ချနိုင်ပါတယ်။ ဒါပေမဲ့ အီဒင်ဟာဇက် မပါနိုင်ဖို့ များနေတယ်ဆိုတဲ့ သတင်းတွေကတော့ ချယ်လ်ဆီး ပရိသတ်တွေအတွက် စိုးရိမ်စရာပါပဲ။ ချယ်လ်ဆီး အနေနဲ့ တိုက်စစ်မှာ သေချာပေါက် ဖာနန်ဒို တောရက်စ်ကိုပဲ ပွဲထုတ်မှာ ဖြစ်ပြီး ဟွမ်မာတာ၊ ရာမီရက်စ်၊ အော်စကာတို့ကို အားပြုလာဖွယ် ရှိပါတယ်။ အထူးသဖြင့် တောင်အမေရိက ကစားသမားတွေ ပေါများပြီး ဘောလုံးကို ပိုင်ဆိုင်မှု အားပြု ကစားတတ်တဲ့ ဘင်ဖီကာလို အသင်းမျိုးကို ရင်ဆိုင်တဲ့ အခါမှာ ချယ်လ်ဆီးရဲ့ ဘရာဇီးလ်သားတွေ စုံစုံညီညီ ပါဝင်လာနိုင်ပါတယ်။

ချယ်လ်ဆီး အနေနဲ့ တောင်ပံတွေကို အားပြုပြီး ထိုးဖောက်ဖို့ များပြီး ဘင်ဖီကာမှာ ထိပ်တန်း တောင်ပံ ခံစစ်သမားတွေ ရှိမနေတဲ့ အချက်ကို အကျိုးရှိရှိ အခွင့်အရေး ယူနိုင်မလား စောင့်ကြည့်ရပါမယ်။ ဘင်ဖီကာ ခံစစ်က အက်ဇ်ကွီရယ်လ်ဂါရေး၊ လူဝီဇာအိုတို့နဲ့ တောင့်တင်းသလို ဂိုးသမား အာတာကလည်း အားကိုးလောက်သူ တစ်ယောက်ပါ။ တိုက်စစ်မှာတော့ အော်စကာ ကာဒိုဇို၊ ပက်ဘလိုအေမာ၊ နီကိုလက်စ်ဂိုင်တန်တို့ အားလုံးဟာ တစ်ဦးချင်း အရည်အသွေး ပြည့်ဝသူတွေချည်းပါပဲ။
ချယ်လ်ဆီးဟာ စုဖွဲ့မှု သာလွန်တယ် ဆိုရင်တောင် ဒီလိုပွဲမျိုးမှာ ချန်ပီယံဖြစ်ခွင့်ဟာ ပိုကောင်းတဲ့ အသင်းအတွက် မဟုတ်ဘဲ ပိုအမှားနည်းတဲ့ အသင်းအတွက် ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ တစ်ခါတစ်လေ ကြောင်တတ်တဲ့ ချယ်လ်ဆီးရဲ့ ခံစစ်ဟာ ဘင်ဖီကာရဲ့ တန်ပြန်တိုက်စစ် တစ်ကြိမ်တစ်ခါလောက်မှာ ကျဆုံးမသွားအောင် အသင့်အနေအထား နိုးကြားနေရပါမယ်။ ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီး မန်နေဂျာ ဘင်နီတက်ဇ်ဟာ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ခံယူရတဲ့ အနေအထားတွေမှာ ကျွမ်းကျင်ပိုင်နိုင်လွန်းတယ် ဆိုတာကတော့ အားသာချက် တစ်ခုပါပဲ။ အမှားတွေသာ မရှိခဲ့ဘူး ဆိုရင်တော့ ဘင်နီတက်ဇ်ရဲ့ CVထဲမှာ နောက်ထပ် ဥရောပအဆင့် ဆုဖလားတစ်လုံး တိုးမယ့်ပွဲလို့ပဲ မျှော်လင့်မိပါတယ်။
No comments:
Post a Comment